03/03/2024
တစ်ရက်က ကျနော်တို့ဆွေမျိုးမကင်းတဲ့ အဒေါ်တစ်ယောက် ဆေးလိပ်တွေသောက်နေတာတွေ့လို့ အဒေါ်ကိုဆေးလိပ်လျော့သောက်ဖို့ပြောဖြစ်တယ်။ အဆိုးဆုံးအဆုတ်ကင်ဆာဖြစ်တတ်ပါတယ်ဆိုတော့ ...
အမလေးဟယ် ... တို့တွေအမေမသေခင်ထိသောက်သွားတာ ဘာမှမဖြစ်ပါဖူးတဲ့။ ပြီးတော့ဆက်သောက်နေတယ်။
ဦးလေးတစ်ယောက်ကျတမျိုး... အရက်တွေလျော့သောက်ပါဆိုတော့ တို့အဖေက အမြဲသောက်တာ သေတော့ လူကြီးရောဂါနှင့် ဆုံးတာပါကွာတဲ့ ။ မင်းတို့ခြောက်လှန့်နေသလို ကင်ဆာတို့ ၊ အသည်းတို့ စသည်တို့ဖြင့်မဟုတ်ပါဖူးတဲ့ ....
တစ်ရက်က Contractor တွေ Column လောင်းတာလက်ဖျော်နှင့်လောင်းမယ်ဆိုလို့ အနည်းဆုံး Machine Mix (အုန်းမွှေးလုံး) နှင့် ဖျော်လောင်းဖို့ပြောတော့ တို့တွေ ၈ ထပ်တိုက်တွေကို ဒီလိုပဲလောင်းလာတာကြာပြီတဲ့ ...
ဘာမှမဖြစ်ပါဖူးကွာတဲ့ ...
အထက်ပါ ၃ ယောက်အတွေးမှာ အတူတူပင်ဖြစ်ပါတော့တယ်....
Hand Mix လုပ်တာကို ကျနော်တို့ကတော့ Non-Structural Members တွေ ဥပမာ Topping ခင်းတာ ၊ Lean concrete စသည်တို့ကိုပဲခွင့်ပြုချင်ပါတယ်။
ဝန်ကိုထမ်းရမယ့် အဆောက်အဦးရှိအစိတ်အပိုင်း တိုင် ၊ ယက်မ ၊ ကြမ်းခင်း စသည်တို့ကိုအနည်းဆုံး အုန်းမွှေးလုံးနှင့် လောင်းစေချင်သည်။ Batching Plant မှ AG ကားခေါ်လောင်းနိုင်ရင်ပိုကောင်းပါတယ်။ အဓိကကတော့ Concrete ကို ဖျော်တဲ့အချိန်မှာ ဘိလပ်မြေအမှုန့်လေးတွေအားလုံး ရေနှင့်ထိတွေ့ဖို့ လိုအပ်ပါတယ်...
ဒါမှ ဓာတ်ပြုမှုဖြစ်ပြီး ကွန်ကရစ်ကို စဉ်းစားထားတဲ့ Strength အပြည့်ရဖို့အထောက်အကူပြုတာဖြစ်ပါတယ်။လက်ဖျော်ဖျော်တဲ့အခါမှာ ဒီလို ဘိလပ်မြေအမှုန့်လေးတိုင်းကိုရေနှင့်ထိတွေဖို့ အင်မတန်ခက်ပါတယ်။ ဒါ့ကြောင့် လက်ဖျော်ဖျော်လောင်းတာကိုကျနော်တို့ မရေရာမသေချာမှုတွေများလို့ ကျနော်တို့ စစ်ဆေးရေး Site တွေမှာ ခွင့်မပြုတာပါ။
အရင်က တချို့ Structural Drawing တွေမှာဆို Hand Mix လုံးဝခွင့်မပြုကြောင်း General Notes and Structural Specifications တွေမှာထည့်ရေးထားတာပင် တွေ့ဖူးပါသေးသည်။ Structural Engineer ကခွင့်မပြုတာမို့ Construction Team ကရော ၊ Third party QA/QC Team ကပါ အထူးလိုက်နာရပါတော့တယ်။
ဆိုတော့ ကျနော်တို့ လိုတာလေးတွေလုပ်ရအောင်ပါ။
Engr.Kyaw Thu Naing