07/09/2026
ဘုရားဖြစ်ရာခေတ်
▬▬▬▬▬▬▬
“ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ” ဟူသည်နှင့်အညီ လောက၌ ဘုရားပွင့်ရာ သာသနာခေတ် သမယသည် အလွန်ဖြစ်နိုင်ခဲလှ၏၊ ကမ္ဘာတစ်ရာ ကမ္ဘာတစ်ထောင် ကမ္ဘာတစ်သောင်း ကမ္ဘာတစ်သိန်းတွင် တစ်လှည့် တစ်ကြိမ်မျှ ပေါ်ခဲ၏၊ သုညကမ္ဘာ တွေသာ များ၏။ ရံခါရံခါ ကမ္ဘာအသင်္ချေပတ်လုံး သုညကမ္ဘာချည်းဖြစ်၏။
ဘုရားပွင့်တော်မူသော ကမ္ဘာမှာလည်း သံဝဋ္ဋကပ်, သံဝဋ္ဋဋ္ဌာယိကပ်, ဝိဝဋ္ဋကပ်, ဝိဝဋ္ဋဋ္ဌာယိကပ် ဟူ၍ လေးပါးရှိသည်တို့တွင် ဝိဝဋ္ဋဋ္ဌာယိကပ်၌သာ ဘုရားပွင့်နိုင်၏။ ကြွင်းသောကပ်တို့၌ မပွင့်နိုင်၊ ဝိဝဋ္ဋဋ္ဌာယိကပ် မှာလည်း အန္တရကပ် ၆၄-ကပ် ရှိသည် တွင် ၁-ဆူဖြစ်အံ့၊ ၁-ကပ်၌သာပွင့်၏။ ၂-ဆူဖြစ်အံ့၊ ၂-ကပ်၌သာပွင့်၏။ ၃-ဆူဖြစ်အံ့၊ ၅-ဆူဖြစ်အံ့၊ ၅-ကပ်၌သာပွင့်၏။ ကြွင်းသော အန္တရကပ်တို့သည် သုညကပ်တို့သာ ဖြစ်ကုန်၏။
ပွင့်သော အန္တရကပ်တို့မှာလည်း အနှစ် တစ်သိန်းတန်းမှအောက်, တစ်ရာတန်းမှ အထက်၌သာပွင့်၏။ ပွင့်သောအခါ၌လည်း တစ်သိန်းတန်းမှာပွင့်လျှင် သာသနာတော် သည် အနှစ် နှစ်သိန်း, သုံးသိန်းမျှသာ တည်၏။ အန္တရကပ် ၁-ကပ် မည်သည် နှစ်အသင်္ချေပေါင်း အနန္တများလှသည်ဖြစ်၍ ထိုသာသနာတည်သော အနှစ် နှစ်သိန်း, သုံးသိန်းသည် လောက၌ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ကဲ့သို့သာရှိ၏။ ဤသို့လျှင် ဗုဒ္ဓုပ္ပါဒ သမယ၏ လောက၌ ဖြစ်ပေါ်ခဲပုံကို သိအပ်၏။
ဘုရားရှင်နှင့်
တွေ့ရန်ခဲယဉ်းပုံ
▬▬▬▬▬▬▬
ထိုသို့ပင် ဖြစ်ပေါ်ခဲလှသော်လည်း သံသရာရှည်လှသည့် အတွက်ကြောင့် ရှေးရှေး၌ ဖြစ်ပေါ်ခဲ့ပြီးသော ဗုဒ္ဓုပ္ပါဒ သမယပေါင်း ဂင်္ဂါသဲမှုန့်မက များခဲ့လှလေပြီ၊ ထိုသို့ များခဲ့ပါသော်လည်း သူသူငါငါ သတ္တဝါအပေါင်းတို့သည် ဘုရားပေါင်းအဆူ တစ်ရာတွင် တစ်ဆူကိုမျှ မတွေ့နိုင်ကြကုန်၊ အဆူတစ်ထောင်တွင် တစ်ဆူကိုမျှ မတွေ့ နိုင်ကြကုန်၊ အဆူတစ်သောင်းတွင်, အဆူတစ်သိန်းတွင် တစ်ဆူကိုမျှ မတွေ့နိုင် ကြကုန်။
ယခုအခါတွင် ဤကမ္ဘာ၌ မေတ္တေယျဘုရားတစ်ဆူသာ ကျန်တော့သည်၊ နောက် ကိုလည်း သုညကမ္ဘာတွေ များစွာလာပြီးမှ ဗုဒ္ဓုပ္ပါဒကမ္ဘာ လာတော့မည်။
ယခုတွေ့ကြုံ၍ နေဆဲဖြစ်သော အရှင်ဂေါတမသာသနာကို လွန်၍သွားသော သူတို့သည် မေတ္တေယျဘုရား တစ်ဆူကို မဆိုထားလင့်ဦး နောက်ကို ဘုရားပေါင်း တစ်ရာကိုပင် လွဲနိုင်ကြကုန်သေး၏။ အဘယ့်ကြောင့်နည်း ဟူမူ တွေ့ကြုံရန်လမ်းကား တစ်လမ်းသာရှိ၏။ လွဲကြရန်လမ်းကား အသင်္ချေပေါင်း အနန္တရှိ၏။
ထို့ကြောင့် ယခုအခါ နောက်မေတ္တေယျဘုရားကို ထင်းစာကြ အားကိုးကြသော အမှုသည် လူ့ပြည်က အပ်တစ်ချက် ဘဝဂ်က အပ်တစ်စင်း အပ်သွားချင်း တိုက်မှုထက် ပင် ခဲယဉ်းလှချေ၏၊ သတိမူကြပါလေကုန်။
သံဖော့လုံးဘူး ဥပမာ
▬▬▬▬▬▬▬▬▬
အနတ္တဝိပဿနာ သမ္မာဒိဋ္ဌိ၏ တည်ရာကား နိဗ္ဗာန်တည်း၊ ခိုင်လုံလှစွာသော သံဖြင့်ပြီးသော ဖော့လုံးဘူးကြီး တွေကို တစ်စုံတစ်ခုသော ပယောဂဖြင့် မဟာသမုဒ္ဒရာ ရေထဲသို့ နစ်လေသော်လည်း ပယောဂမှု ထက်ကြပ်ရှိခိုက်၌သာ ရေထဲမှာ နေလေကုန်၏။ ပယောဂမှု ကင်းလွတ်လျှင် အထက်ရေပြင် ကောင်းကင်သို့သာ ပေါ်လာလေကုန်ရာ၏။
ထို့အတူ အနတ္တဝိပဿနာ သမ္မာဒိဋ္ဌိ ကောင်းစွာတည်ပြီးသော သူတို့သည် လူ့ဘုံ၌ နေကြကုန်သော်ငြားလည်း အထက်အထက် ဘုံတို့သို့ ဆန်တက်ရန် ထိုနိဗ္ဗာန်သို့ ရောက်ပေါက်ရန် တစ်ချီတည်းချီ၍ နေကြကုန်၏။
နတ်ဗြဟ္မာချမ်းသာ
သင်္ခါရဒုက္ခဖြင့်နှိပ်စက်ပုံ
▬▬▬▬▬▬▬▬▬▬
နတ်ချမ်းသာတို့၌လည်း ထိုက်သည်အားလျော်စွာ သင်္ခါရဒုက္ခမျိုးကို သိလေ၊ ဗြဟ္မာ့ချမ်းသာ၌ ရှေးဘဝ၌ တင်ကူး၍ပြုရသော ဈာနဘာဝနာဟူသော သင်္ခါရဒုက္ခမှုကို အလွန်ကြောက်မက်ဖွယ် ကောင်းလှသော သင်္ခါရဒုက္ခမှုကြီးတွေသာတည်း။
ယခုအခါ၌ ပထမဈာန် အစရှိသော ဈာန်များကို ရအောင် အားထုတ်နိုင် ကြပါလျှင် သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ရောက်၍ တစ်ဘဝတည်းနှင့်ပင် မေတ္တေယျမြတ်စွာဘုရား သာသနာကို မှီနိုင်၏၊ မေတ္တေယျ မြတ်စွာဘုရား မပွင့်မီ အကြား၌လည်း အပါယ်လေးပါးအတွက် ကြောင့်ကြဖွယ်မရှိ၊ အသက်မွေးမှု ဒုစရိုက် တရား ပွားများမှုအတွက်လည်း ကြောင့်ကြဖွယ်မရှိ၊
အန္တရကပ် တစ်ကပ်ပတ်လုံး ဈာန်သမာပတ်ချမ်းသာ တန်ခိုးဣဒ္ဓိပါဒ် ချမ်းသာ တို့ကို ခံစားစံစား၍ နေနှင့်ပြီးလျှင် မေတ္တေယျဘုရား သာသနာ၌ ချမ်းသာစွာ ကျွတ်လွတ်ဖို့သာ ရှိတော့သည်ဟူသော အခွင့်အလမ်းကြီးကို လူလူရှင်ရှင် မြင်ကြ သိကြပါကုန်လျက်နှင့် ဈာန်သမာပတ်ရအောင် အားထုတ်ရာသော အခွင့်အလမ်းကြီး ကို မတိုးဝံ့ကြ ကြောက်ရွံ့ကြသည့်အတွက်ကြောင့် ဈာန်ရပုဂ္ဂိုလ်ဟူ၍ မမြင်ကြကုန်။
ဤသို့လျှင် ဗြဟ္မာ့ချမ်းသာသည် အနမတဂ္ဂသံသရာ၌ သတ္တဝါအပေါင်းတို့ကို ဈာနဘာဝနာမှု တည်းဟူသော ကြောက်မက်ဖွယ် သင်္ခါရဒုက္ခဖြင့် လွန်စွာနှိပ်စက်၏။
စာညွှန်း -
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော အနတ္တဒီပနီ