08/10/2023
🙏မင်္ဂလာပါ 🙏
#ဆရာကဂမုန်းကျမ်းမှ ကူးယူဖော်ပြပါသည်
#ချမ်းသာကြီးဂမုန်း
ကျွန်တော်သည် ဂမုန်းမိတ်ဆွေ၏အိမ်သို့ အကြောင်း
ကိစ္စတစ်ခုဖြင့် ရောက်ရှိသွားရာ အရွက်ဝိုင်းဝိုင်းကြီးကြီး အဖြူစင်း
များထင်ထင်ရှားရှား ပါရှိသော ဂမုန်းပင်တစ်ပင်ကို တွေ့ရှိသဖြင့်
“ဘာဂမုန်းပင်ခေါ်သလဲ?၊ လှလဲလှ အပင်ကကြီးတော့ အားရ
ပါးရလဲရှိတယ်၊ ဂမုန်းပင်စိုက်ရင် အဲဒီအပင်လို ကြီးကြီးကိုမှ
ပိုကြိုက်တယ်၊ ကျွန်တော်လဲ လိုချင်ပါတယ်” ဟုပြောပြမိပါသည်။
“အဲဒါ ချမ်းသာကြီး ဂမုန်းခေါ်တယ်၊ ကျွန်တော့်မှာ
ဒီတစ်ပင်ပဲ ရှိတယ် ပွားလဲ မပွားတတ်ဘူး၊ အရွက်က ကြီးပြီး
ထူနေပေမယ့် နေပူကို ကြောက်တာလဲ လွန်နေတာပဲ၊ နေလေးနည်း
နည်းမိရင် အရွက်တွေ ကွက်လိုက်ပြီး အကုန်ချစားသလို
ဖြစ်သွားတယ်၊ ပွင့်တော့လဲ အတန်အရှည်ကြီး အချောင်းလိုက်
ထောင်ပြီး အရင်းက အရွက်ဖတ်ကလေးတွေပါလာတယ်။
ကျွန်တော်ရဲ့ မိတ်ဆွေတစ်ယောက်အိမ်မှာ နှစ်ပင်မြင်တယ်၊
ကျွန်တော် ဆရာ့အတွက်လိုက်ပြီး တောင်းပေးမယ်” ဟု
ပြောပါသည်။
တောင်းပေးမှာဖြင့်လဲ အခုသွားရအောင်ဗျာ ဆိုက်ကားစီး
သွားတာပေါ့”ဟု ပြောပြီး နှစ်ယောက်သား ဆိုက်ကားစီး၍
သွားပါသည်။ ၎င်း၏ မိတ်ဆွေကလဲ လွယ်လွယ်ကူကူပင်အပင်ကြီးနှစ်ပင် ယှဉ်လျက် ပေါက်နေသည့်အထဲမှ အပင်တစ်
ပင်ကို ခွဲပြီး ပေးလိုက်ရှာပါသည်။
လမ်းမှာ (၉)နှစ်(၁၀)နှစ်ခန် အရွယ်ကောင်လေး
တစ်ယောက်က “ချမ်းသာကြီးဟေ့ ချမ်းသာကြီး"ဟု ကျွန်တော်
ယူလာသော အပင်ကိုကြည့်၍ အော်ပါသည်။ “ဒီကလေးက
ကျွန်တော်တို့ထက် ဂမုန်းဗဟုသုတရှိနေတယ်၊ ကျွန်တော်ဖြင့်
ကနေ့မှ ချမ်းသာကြီး ဂမုန်းမှန်းသိတယ်” ဟုပြောမိပါသည်။
“အဲဒီကလေးရဲ့ ဖိုးအေက ဂမုန်းပင်စိုက်ပြီး ရောင်းနေတာ
ကျွန်တော့် အိမ်မှာရှိတဲ့ ဂမုန်းပင်တွေဟာ အဲဒီ ဆရာကြီးထံက
ဝယ်ရတာတွေများတယ်၊ အလကားတော့ ဘယ်သူမှ မပေးဘူး
ဟု ပြောပါသည်။
“အရွက်အစိမ်းမှာ အဖြူကြောင်းတွေ ထင်ထင်ရှားရှား
ရှိနေတော့ တစ်ချို့က အင်းဂမုန်းမှတ်ပြီး ဒါ အင်းဂမုန်းမဟုတ်
လား?”ဟု မေးကြပါသည်။
ချမ်းသာကြီးနှင့် အင်းဂမုန်းမှာ တစ်မျိုးစီလှကြလျက်
အင်းဂမုန်းအရွက်ထက်ပင် ချမ်းသာကြီးက ကြီးမားထူထဲစွာ
ရှိပါသေးသည်။
အရွက်ရိုးတွေ ရှည်ပြီး အရွက်တွေကြီး အဖူးအပွင့်တွေဝေ
ဝေဆာဆာ ဖြစ်နေသော်လည်း အခြား သူတော်၊ ပြည်လုံးချမ်း
သာ စတဲ့ ဂမုန်းပင်များလို ခြေတံရှည်ကြီးဖြစ်မသွားဘဲ အရွက်
ကြွေတဲ့ နေရာက အမြစ်ထွက်လာပြီး
ပင်စည် ရှိတတ်ပါသည်။အရွက်စိမ်း အဖြူစင်းမှာ အနားက အနီရစ်ကလေးပါ
သောမျိုးနှင့် အနီရစ်မပါသော မျိုးဟု နှစ်မျိုးရှိသဖြင့် အချို့က
အဖိုအမဟု ပြောကြပါသည်။ ဘယ်ဟာကို အဖို၊ ဘယ်ဟာ
ကို အမ' ဟု ခေါ်နေကြကြောင်း မသိပါ၊ ကျွန်တော်၏ အိမ်
မှာ အနီရစ်မပါသော အပင်သာရှိပါသည်။
ကျွန်တော်၏ အိမ်မှာ ဂမုန်းပင်တွေက အတော်များနေပြီး
ရှိနေသမျှ ဂမုန်းပင်များကလည်း နာမည်ကျော်ကြား ဂမုန်းပင်
များဖြစ်၍ “၎င်းချမ်းသာကြီး ဂမုန်းပင်ဟာ ဘယ်လို အကျိုးပေး
နေတယ် ဘယ်လို ကာကွယ်နေတယ်၊ ဘယ်လို အစွမ်းရှိတယ်”
ဟု မချိန်ဆ မခန့်မှန်းတတ်အောင် ဖြစ်၍နေပါသည်။
တစ်နေ့တွင် ကျွန်တော်ယုံကြည်အားထားသော ဆရာကြီး
သုံးပါးထဲမှ တစ်ပါးအပါအဝင် ဖြစ်သော ဆရာကြီးတစ်ပါး
ကိစ္စတစ်ခုနှင့် ကြွလာပါသည်။ ထိုဆရာကြီးမှာ ရန်ကုန်မြို့၏
အနီးအပါးတွင်ရှိ၍ မကြာမကြာ လာတတ်လျက် မန္တ လေးမှ
ဆရာအောင်မှာ အလွန်လာခဲပါသည်။
ဆရာအောင်မှာ ကျွန်တော်၏ ငယ်ဆရာဖြစ်လျက် ယခု
ဆရာကြီးမှာ ယခုဂမုန်းပင်များစိုက်ပျိုးမှ တွေ့ ရှိသော ဆရာကြီး
ဖြစ်၍ ၎င်း၏ နေရပ်အမည်များကို တားမြစ်ထားသဖြင့်
မဖော်ပြရပါ၊ ကျွန်တော်ကတော့ ၎င်းဆရာကြီးလောက် လောကီ
လောကုတ္တရာ စွယ်စုံကျွမ်းကျင်သူ ရှာမှရှားသည်ဟု ယုံကြည်
ကိုးစား၍ ထားပါသည်။
“ဆရာကြီးခင်ဗျား အဲဒီ ချမ်းသာကြီး ဂမုန်းပင်ဟာ
ကျွန်တော်စိုက်ထားတာ အတော်ကြာသွားပါပြီ၊ ကျွန်တော်အိုး
ပြောင်းရင်း ရှည်နေတဲ့ အမြစ်ကို. ဖြတ်ပစ်ထားရာက အပင်
ပေါက်နေလို့ ပေးပြီးတာ နှစ်ဦးရှိပါပြီ။ ဘယ်လို အစွမ်းသတ္တိရှိ
တယ်ဆိုတာ အခုထိ မသိရသေးပါဘူး အဲဒီဂမုန်းပင်ရဲ့ အကြောင်း
ကို အမိန့်ရှိစမ်းပါ”ဟု တောင်းပန်ရပါသည်။
“အေး အဲဒီ ဂမုန်းပင်ကို မင်းတို့ က ချမ်းသာကြီး ဂမုန်း
လို့ခေါ်နေတော့ ချမ်းသာကြီးဂမုန်းလို့ပဲ ဆက်၍ ခေါ်ကြပေတော့၊
တိုငယ်ငယ်တုန်းအခါက တို့ ဆရာတွေကတော့ အဲဒီ ဂမုန်းပင်
ကို ဘေးရန်များစွာ အောင်မြင်တတ်တယ်ဆိုပြီး ရန်အောင်ဂုမုန်းလို့ခေါ်တယ်"။
“ရန်အောင်မြင်တော့လဲ ကိုယ်ရောစိတ်ပါ ချမ်းသာလာ
တာပဲ။ ချမ်းသာကြီး ခေါ်ကြတာလဲ ကောင်းပါတယ်။ ဒါပေမယ့်
ပစ္စည်းဥစ္စာ လာဘ်လာဘတွေတော့ ဒီဂမုန်းနဲ့ ပတ်သက်ပြီး
ထူးထူးခြားခြား တိုးပွားမယ် မဟုတ်လှဘူး၊ အပြိုင်အဆိုင်
ဖြစ်နေရင်တော့ နိုင်တတ်တယ်”ဟု ပြောပြပါသည်။
“အဲဒီ ချမ်းသာကြီး ဂမုန်းပင်ကို စိုက်ထားလျှင်
ရန်အပေါင်းကို အောင်တာပဲလားဆရာ၊ တခြား ဘယ်လို
အစီအရင်တွေ ပြုလုပ်ရပါသေးသလဲ”ဟု ထပ်မံမေးမြန်းမိပါသည်။
“ထူးထူးခြားခြား အစီအရင်ရယ်လို့ ပြုလုပ်ပြီး ကြီးကြီး
ကျယ်ကျယ် ခဲခဲယဉ်းယဉ်းတော့ မဟုတ်ပါဘူး၊ ဘေးရန်
ထူးထူးခြားခြား မရှိရင်လဲဘာမှလုပ်ဖို့ မလိုလှပါဘူး၊ အကယ်၍
ရန်သူရန်ဘက် ပေါ်ပေါက်လျက် အပြိုင်အဆိုင် အမှုအခင်း
ဖြစ်နေတဲ့ အခါမျိုးမှာတော့ မနက်စောစော ငါးပါးသီလခံယူပြီး
ဆုတောင်း အဓိဋ္ဌာန်ပြု၊ သောက်ရေအိုးက ရေကိုခပ်ပြီး...
ဇယန္တောဗောဓိယာမူလေ၊ သကျာန်နန္ဒိဝဍ္ဎနော၊
ဧဝမေဝ၊ ဇယောဟောတု၊ ဇယ၊ ဇယမင်္ဂလေ။
ဆိုတဲ့ ဇယမင်္ဂလာဂါထာကို ငါးခေါက်ရွတ်ပြီး အဲဒီ မင်းတို့
ချမ်းသာကြီးခေါ်တဲ့ ရန်အောင်ဂမုန်းပင်ကို ရေလောင်းလိုက်လျှင်
အောင်မြင်တတ်ပါတယ်”ဟု ပြောပြသည်။
ကျွန်တော့်မှာတော့ ရန်သူရန်ဘက်ရယ်လို့ မရှိလှပါဘူး၊
အေးအေးနေထိုင်တတ်တဲ့ လူဖြစ်လို့ မည်သူနဲ့မဆို သင့်တင့်အောင်
အလိုက်အထိုက်နေတာပါပဲ။ ကျွန်တော် အဲဒီ ဂမုန်းပင် ပေးထားတွ
မိတ်ဆွေတစ်ယောက်မှာ အမှုဖြစ်နေတယ်၊ ကျွန်တော် ဒီနည်းကို
ပြောပြလိုက်ရဦးမယ်”ဟု ဆရာကြီးရှေ့တွင် ပြောမိပါသည်။
“အေးအေး မင့်မိတ်ဆွေရယ် ဘာရယ်လို့တော့ မဟုတ်ဘူး
ပေါ့ကွာ၊ မတရားတာလုပ်နေတဲ့ လူဖြစ်မယ်ဆိုရင်တော့ ဒီနည်းကိုမပေးပါနဲ့၊ သူတစ်ပါးက မတရားတာကိုလုပ်တာ ခံနေရတဲ့
လူတွေ့ ရင်ပေးပေါ့၊ ဂမုန်းပင်နဲ့ ပတ်သက်တဲ့ အစီအရင်၏
အရေးအကြီး အချက်မှာ တရားစောင့်ဖို့ပါပဲ။ ဂမုန်းပင်
စိုက်ထားပြီး ရတနာသုံးပါးကို ဆည်းကပ်၊ ဂုဏ်တော်ကို
ပုတီးစိပ်၊ ပရိတ်ရွတ်၊ မေတ္တာပို့သနေသူတွေကိုတော့ အမြဲစောင့်ရှောက်ကြပါတယ်။ သူတော်ကောင်းတရား မလိုက်စားတဲ့
လူတွေအဖို့ ဂမုန်းပင်စိုက်တဲ့အကျိုး မခံစားရနိုင်ပါဘူး”ဟု
ပြောပြပါသည်။
“ကျွန်တော့်မိတ်ဆွေက မဟုတ်လျှင် မခံချင်တတ်တာနဲ့
ရန်များနေရတာပါ၊ မတရားတာတော့ မလုပ်တတ်ပါဘူး။
ပုတီးစိပ်တာတို့၊ ပရိတ်ရွတ်တာတို့ကိုတော့ သူ များများမလုပ်
တတ်ဘူး၊ ကျွန်တော် တိုက်တွန်းပါ့မယ်”ဟု ပြောပြရပါသည်။
ဆရာကြီး ပြန်ကြွသွားလျှင် ကျွန်တော် ချမ်းသာကြီး
ဂမုန်းပင် ပေးထားသော မိတ်ဆွေအိမ်သို့သွားပြီး ကျွန်တော်၏
ဆရာကြီး ပြောကြားသည့်အတိုင်း ငါးပါးသီလယူ၊ ပရိတ်ရွတ်၊
ပုတီးစိပ်၊ မေတ္တာပို့ရန်နှင့် ဇယန္တော ဗောဓိယာမူလေ ဂါထာကို
ငါးခေါက်ရွတ်၊ သောက်ရေအိုးကရေနဲ့ ချမ်းသာကြီးဂမုန်းပင်ကို
ရေလောင်းကြည့်ပါ”ဟုပြော၍ ပြန်လာခဲ့ပါသည်။
သုံးရက်ခန့်ကြာသောအခါ ထိုမိတ်ဆွေ ကျွန်တော်၏
အိမ်သို့ စက္ကူအိတ်ကလေးတစ်ခုယူ၍ လာပါသည်။ “ဆရာ
ပြောတဲ့အတိုင်း ဇယန္တော ဗောဓိယာမူလေဆိုသော ဂါထာကို
ရွတ်ပြီး ရေလောင်း၊ ပရိတ်တော်ကို မရလို့ စာအုပ်ကြည့်ပြီးရွတ်၊
မေတ္တာပို့၊ ဂုဏ်တော်ကို ပုတီးစိပ် ပြုလုပ်လိုက်တာ ထူးခြား
ပါတယ်”ဟု ပြောပါသည်။
“ဘယ်လို ထူးခြားတာလဲ၊ စက္ကူအိတ်ကလေးက ဘာလဲဗျ၊
သေသေချာချာပြောပြပါဦး”ဟု မေးမြန်းမိပါသည်။
“ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေ အချင်းချင်း
မသင့်မတင့်ဖြစ်ပြီး အမှုဖြစ် ရုံးရောက်နေကြတာ ဆရာပြောတဲ့
အတိုင်း ဇယန္တောဂါထာကို သောက်ရေအိုးကရေနဲ့ ငါးခေါက်
ရွတ်ပြီး လောင်းလိုက်တာ အားလုံးပြေလည်သွားကြပါပြီ။
ကျွန်တော်ကအကြီး၊ သူတို့က အငယ်တွေ၊ သူတစ်ပါး
မြှောက်ပေးတာ အဟုတ်မှတ်ပြီး ကျွန်တော့်အပေါ် တရားစွဲကြ
တာ။ အခုတော့ သူတို့လဲအမြင်မှန်ရလာကြလို့ လာတောင်းပန်
ကြတယ်။ ကျွန်တော်ကလဲ သူတို့ ဒီလို အမြင်မှန်ရလာတော့
ကိုယ်ကပဲ အနစ်နာခံပြီး အလျှော့ပေးလိုက်ပါတယ်။ ဒါကြောင့်
ဆရာ့ကို ကန်တော့ရအောင် … ဘန်ကောက်လုံချည်တစ်ထည်
ဝယ်လာတယ်၊ ယူပါဆရာ”ဟု ပေးပါသည်။
“ခင်ဗျားဘန်ကောက်လုံချည်ကိုလဲ ကျွန်တော် မလိုချင်
ပါဘူး၊ ခင်ဗျားချမ်းသာကြီးဂမုန်းကို ဆုတောင်းပြီး ရေလောင်းတဲ့
အချိန်နဲ့ ခင်ဗျားရဲ့ ညီတွေ နှမတွေ အမြင်မှန်ရလာတဲ့အချိန်
တိုက်ဆိုင်နေလို့ ဖြစ်ပါလိမ့်မယ်၊ ဆွေမျိုးသားချင်းဆိုတာ ဒီလို
တစ်နေ့ပြန်ပြီး သင့်တင့်ကြမြဲပဲ၊ ခင်ဗျား လုံချည်ကို ပြန်ယူသွားပါ၊
: ကျွန်တော် မယူပါဘူး”ဟု ပြောပြမိပါသည်။
“လက်ခံရမယ်ဆရာ၊ ကျွန်တော်ပြန်ပြီး ဘယ်နည်းနဲ့မှ
မယူနိုင်ဘူး၊ ကျွန်တော့်ရဲ့ ညီတွေ နှမတွေအကြောင်း ကျွန်တော်
သိတယ်၊ အဲဟို ဝတ်လုံပေါက်စံ တစ်ယောက်က မြှောက်ပေးတာ
သူတို့ အတော်နားဝင်နေကြတာ၊ အဲဒီလို ကျေလည်သွားကြလို့သူတို့ရော ကျွန်တော်ပါ ကုန်ရမယ့်ငွေတွေ အများကြီး
သက်သာသွားကြပါတယ်၊ ကျွန်တော်လဲ အိပ်မက်မက်လို့
ဒီဂမုန်းပင်ကြောင့်ပဲလို့ ယုံကြည်တယ်ဆရာ”ဟု ပြောပြပါသည်။
“အိပ်မက်က ဘယ်လိုမက်လို့လဲ၊ အဲဒီ ဂမုန်းပင်နဲ့
ဘယ်လိုဆိုင်လို့လဲဗျ၊ ပြောစမ်းပါဦး”ဟု မေးမိပါသည်။
“ဆိုင်ပါသော်ကော ဆရာ၊ အဲဒီဂမုန်းပင်ကို အိမ်ရှေ့မှ
ချထားတာပဲ၊ အခြားဂမုန်းပင်လဲ များများမရှိပါဘူး၊ စီးပွားဂမုန်းနဲ့
လဝန်းဂမုန်းပဲရှိတယ်၊ ဆရာပြောတဲ့အတိုင်း ပရိတ်တွေ
စာအုပ်ထဲကြည့်ပြီးရွတ်၊ မေတ္တာပို့၊ ဂုဏ်တော်ပုတီးစိပ်ပြီး ငါးပါး
သီလယူ၊ သောက်ရေအိုးက ရေခပ် ဇယန္တော ဗောဓိယာမူလေ
ဂါထာကို ငါးခေါက်ရွတ်၊ ဒီအမှုကို ကျွန်တော်နိုင်အောင်
မ,စပါလို့ ဆုတောင်းပြီး အနောက်ဘက်က အရှေ့ဘက်
မျက်နှာပြု ချမ်းသာကြီး ဂမုန်းပင်ကို ရေလောင်း၍ အိပ်လိုက်တယ်၊
နိုင်ပါစေလို့ ဆုတောင်းရတာက ပြေလည်မှု မျှော်လင့်ချက်
မရှိတော့ဘူး ယူဆလို့သာ တောင်းရတာ။ အခုလို ပြေလည်
သွားတာကိုတော့ ကျွန်တော် ပိုပြီး သဘောကျပါတယ်။
“အိပ်ပျော်နေရင်း အိမ်ရှေ့မှာ ဘုန်းတော်ကြီးတစ်ပါး
ထိုင်ပုတီးစိပ်နေတယ်လို့ အိပ်မက်မက်တယ်၊ အိပ်မက်ထဲမှာ
မိုးတွေက ရွာနေလို့-တုန်တုန်ယင်ယင်ဖြစ်လျက် ဘုန်းတော်ကြီးက
ချမ်းတယ်၊ အိမ်ပေါ်တင်ပါလို့ ပြောပြီး ကျွန်တော်လန့်နိုးလာ
တာပဲ။ နိုးလာတော့ မိုးက တစ်ကယ်ရွာနေတယ်၊ မီးဖွင့်ပြီးဆရာက
ကြည့်တော့ ဘုန်းတော်ကြီးတွေ့တဲ့ နေရာမှာ ချမ်းသာကြီး
ဂမုန်းရွက်တွေ မိုးမှန်လို့ တုန်-တုန်၊တုန်-တုန်
တွေ့ရတယ်။ ကျွန်တော့်ရဲ့ မျက်စိထဲမှာ
ဘုန်းတော်ကြီး ပုတီးစိပ်ရင်း တုန်နေတာကို မြင်လာမိတယ်။
ဖြစ်နေတာကို
အိပ်မက်ထဲက
“ကျွန်တော် အမြန်ဆင်းပြီး မိုးရေထဲက မ,ယူပြီး
အိပ်ရာခေါင်းရင်းက စားပွဲပေါ်ကို တင်ထားလိုက်တယ်။
မနက်ကျတော့ ညီတွေ၊ နှမတွေလာပြီး တောင်းပန်ကြတာပဲ၊
ဒါထက် ထင်ရှားရဦးမှာလား ဆရာရဲ့ ၊ ကျွန်တော် မြေကြီးမှာ
ထားခဲ့မိလို့ ဒီအမှုဖြစ်တာ၊ အခု အိမ်ပေါ်တင်လိုက်လို့ ပြီးသွားတာ
အသေအချာပါ ဆရာရယ်”ဟု ပြောပြသွားပါသည်။
ထိုမိတ်ဆွေ ပြန်သွားလျှင် ကျွန်တော် ပေးထားခဲ့သော
အခြားမိတ်ဆွေ တစ်ယောက်၏ အိမ်ဘက်သို့ ချမ်းသာကြီးသတင်း
ပို့ရန် ထွက်၍လာခဲ့မိပါသည်။ ထိုမိတ်ဆွေ၏အိမ်သို့ ရောက်လျှင်
မိတ်ဆွေကို မတွေ့ ရ၊ ၎င်း၏ ဇနီးကို တွေ့သဖြင့် “ဘယ်သွား
သလဲ?”ဟု မေးရင်း မျက်နှာကို ကြည့်လိုက်ရာ မျက်ရေစ
ကလေးတွေ တွေ့ ရသဖြင့် အံအားသင့်သွားမိပါသည်။
“ဆရာ မသိသေးဘူးလား၊ ဆရာရဲ့ မိတ်ဆွေ မယားငယ်
ယူပြီး ဒီအိမ်ပေါ်က ဆင်းသွားတာ တစ်လနဲ့ ငါးရက်ရှိပြီ”ဟု
ပြောပါသည်။
“ကျွန်တော် မသိသေးပါဘူး၊ ခင်ဗျားတို့ ဒီတစ်ခါ
ကျွန်တော့်အိမ်ကို အလည်မလာတာ ကြာပြီလို့တော့ အောက်မေ့မိတယ်၊ ချမ်းသာကြီးသတင်းကို ပို့ရအောင်လာတာ၊ မချမ်းသာတဲ့
သတင်းကို ကြားရတာ စိတ်မကောင်းပါဘူးဗျာ၊ ကျွန်တော်
ကြည့်ပြီး ဆောင်ရွက်ပေးပါဦးမယ်”ဟု နှစ်သိမ့်စကား ပြောရ
ပါသည်။
“ချမ်းသာကြီးသတင်း ဆိုတာက ဘာလဲဆရာ၊ အဲဒီ
သတင်းကို ပြောပါဦး၊ ကျွန်မ ဆွေမျိုးမိတ်ဆွေတွေထဲမှာ
ကိုချမ်းသာရယ်လို့ မရှိပါဘူး၊ ဘယ်က ချမ်းသာကြီးလဲ”ဟု
မေးပါတော့သည်။
“လူနာမည် ချမ်းသာကြီး မဟုတ်ဘူးဗျ၊ ခင်ဗျားတို့ကို
ကျွန်တော်ပေးလိုက်တဲ့ ချမ်းသာကြီးဂမုန်းရဲ့ သတင်းကို ပြောမလို့၊
ခင်ဗျားတို့က မြေကြီးမှာလဲထားသေး၊ လှေကားရင်းမှာလဲ
ထားသေး။ ဒီလို မထားရဘူး၊ အိမ်ပေါ်ကို ရိုရိုသေသေ
တင်ထားပါ”ဟုက စပြီး ချမ်းသာကြီးဂမုန်း၏ သတင်းအစုံကို
အမှုပြေလည်သွားကြ၍ ဘန်ကောက်လုံချည် လာပေးသည်အထိ
ခရေစေ့တွင်းကျ ပြောပြပြီး ပြန်၍လာခဲ့ပါသည်။
ထိုအမျိုးသမီးသည် သုံးရက်လောက်ကြာတော့ စက္ကူအိတ်
ကလေးကိုင်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် ပေါက်လာသဖြင့် ကျွန်းတော်မှာ
ထိုအမျိုးသမီးကိုကြည့်ပြီး အံ့အားသင့်ရပြန်ပါသည်။
“ဆရာ အံ့အားသင့်နေသလား၊ ဆရာ့ရဲ့ မိတ်ဆွေ အိမ်ကို
ပြန်ရောက်နေပြီ ဆရာရဲ့၊ ဆရာပြောသွားတဲ့ ချမ်းသာကြီး
သတင်းအတိုင်း ကျွန်မ သေသေချာချာ မှတ်ထားလိုက်ပြီး
အိမ်ပေါ်တင်၊ အမွှေးနံ့သာဖျန်း၊ ဘုရားရှိခိုး၊ ပရိတ်ရွတ်၊မေတ္တာပို့၊ ပုတီးစိတ်၊ ငါးပါးသီလခံ၊ သောက်ရေအိုးက ရေကိုခပ်၊
ဇယန္တော ငါးခေါက်ရွတ်၊ အမြန်ပြန်လာအောင် ဆောင်ရွက်ပေးပါ
အရှင်ချမ်းသာကြီးလို့ ဆုတောင်းပြီး လောင်းလိုက်တာ
လောင်းပြီးလို့ မကြာပါဘူး ပြန်လာတာပဲ”
“သူ့ မယားငယ်နဲ့ ရန်ဖြစ်ပြီး တစ်ခါတည်း ကွဲလာတယ်၊
ဒါကြောင့် ဆရာ့ကို ဘန်ကောက်လုံချည် ကန်တော့ရအောင်
လာတယ်”ဟုပြောပြီး ထိုင်၍ရှိခိုးပါသည်။
ကျွန်တော်၏အိမ်မှ ချမ်းသာကြီးကို ၎င်းနှစ်ပင်ပဲ ပေးခဲ့ရ
သေးလျက် ၎င်းနှစ်ယောက်မှာ တိုက်ဆိုင်နေသဖြင့် ချမ်းသာကြီး
တန်ခိုးကြီး၍ပဲလား၊ တိုက်ဆိုင်၍လား အတတ်မပြောနိုင်ပါ။
ကျွန်တော် ဘန်ကောက်လုံချည်နှစ်ထည်ရသည့် … ဂမုန်းပင်
ဖြစ်သဖြင့် တန်ခိုးကြီးသော ဂမုန်းပင်များ စာအုပ်တွင် ထည့်သွင်း တင်ပြရပါတော့သည်။