16/10/2025
Spicy အနှစ် ( စပ်ပြဲလန်)
လုပ်နည်းလေးရေးပေးမယ်နော်။
နည်းနည်းတော့အချိန်ကုန်ပေမယ့်၊ လွယ်ပါတယ်ရှင့်။
ပါဝင်ပစ္စည်းတွေကတော့ ငရုတ်သီးစိမ်းအနီအစပ်တောင့်၊ငရုတ်သီးစိမ်း အစိမ်းတောင့်၊ ကြက်သွန်ဖြူ၊ ပဲငပိအနှစ် ၊ မြေပဲလှော် ၊ နှမ်းလှော် ၊ ဆား၊ အရသာမှုန့် ၊ သကြား၊ပဲငံပြာရည်အကြည် ၊ ခရုဆီ၊ ပါကောမှုန့် ၊ ရှောက်ကောမှုန့်တို့ လိုအပ်ပါတယ်ရှင့်။
ပါကောမှုန့် ၊ ရှောက်ကောမှုန့်ရဲ့ အနံ့ က မကြိုက်ရင် ပါရုံလေးပဲ ထည့်ပါနော်။
မထည့်လည်းစားလို့ရပါတယ်။
ပထမဆုံး ငရုတ်သီးစိမ်းနီနဲ့အစိမ်းကို ဆတူပမာဏ ထည့်ပြီး ပါးပါး နုပ်နုပ်( သို့မဟုတ်) လက်တြိတ်စက်နဲ့ အသေအချာ တြိတ်ပေးပါ။ စပ်တာ ကြိုက်ရင် အနီ အစပ်တောင့်ကို ပိုထည့်ပါနော်။စက်နဲ့ တြိတ်ရင် ရေထည့်ရပြီး အရမ်းညက်သွားလို့ပါ။ကြော်ရင်လည်း မလှပါဘူး။
ကြက်သွန်ဖြူကို ငရုတ်သီးစိမ်း နှစ်ခုပေါင်းရဲ့ ဆတူထည့်ပါ။
***ဥပမာ ငရုတ်သီးစိမ်း နီနဲ့စိမ်း နှစ်ခုပေါင်းရင် တဆယ်သားရှိရင် ကြက်သွန်ဖြူကို အနည်းဆုံး တဆယ်သားထည့်ပါ။ ပိုထည့်ရင် ပိုကောင်းပို မွှေးပါတယ်။ ***
ကြက်သွန်ဖြူကိုလည်း နုပ်နုပ်စင်းထားပါ။ မတြိတ်ပါနဲ့နော်။ အဆင်မပြေရင်ထောင်းပါ။
ပထမဆုံး အိုးထဲ ဆီကို ထည့်ပါ။ ဆီများများထည့်ရင် အထားခံပါတယ်။ဆီပူရင်
နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူထည့်ကာကြော်ပါ။ နွမ်းရင် ပါးပါးနုပ်နုပ်စင်းထားတဲ့ ငရုတ်သီးစိမ်းအနီနဲ့စိမ်းကို ထည့်ကြော်ပါ။ နွမ်းခြောက်သွားတဲ့ထိ ကြော်ပေးပါ။ မီးအေးအေးနဲ့ အနည်းဆုံး ၁၅ မိနစ်ခန့် ကြော်ပေးပါ။ မီးပြင်းရင် တူးခါး ဖြစ်တတ်ပါတယ်။
ခြောက်ပြီး အဆီပြန်လာရင် ပဲငပိအနှစ် ၅ကျပ်သားခန့်ထည့်ပါ။ ကိုယ်လုပ်တဲ့ ပမာဏ ပေါ်မူတည်ပြီး ထည့်ပါတယ်ရှင့် ။ ကျမက Ovaltine ဘူးကြီး တလုံးစာ လုပ်ထားပါတယ်။မီးကို အေးအေးသာသုံးပါ။ ခဏ မွှေပြီးရင် ပဲငံပြာရည် အကြည် ဟင်းချက်ဇွန်း ငါးဇွန်းခန့်ထည့်ပါ။ ခရုဆီ ဟင်းချက်ဇွန်း ငါးဇွန်းခန့်ထည့်ပါ။ လိုတာ ပိုတာ နောက်ဆုံးကျရင် မြည်းပြီး ပြန်ထည့်ပါနော်။ တယောက်နဲ့တယောက် လုပ်မယ့် အချိုးအဆ မတူလို့ ပါနော်။မြေပဲလှော် မညက်တညက်ထောင်းပြီး သား တဆယ်သားနီးပါးခန့်ထည့်ပါတယ်။ နှမ်းလှော်ထည့်ပါ။ ဆား ၊ အရသာမှုန့် ၊ နဲ့ သကြားတို့ ထည့်ပါ။
ပြီးရင်မွှေပေးပါ။
ပါကောမှုန့်နဲ့ရှောက်ကောမှုန့်ကို ထမင်းစားဇွန်း တဝက်ခန့်မျှ ထည့်ပါ။ အဲ့ထက်လည်းလျှော့ထည့်လို့ရသလို မကြိုက်ရင်လည်း မထည့်လို့ရပါတယ်။
ထည့်ရင်တော့ မာလာရှမ်းကော အနှစ်အရသာနဲ့ အနည်းငယ် ဆင်သွားပြီး မာလာရှမ်းကောအတွက်ပါ အနှစ် အဖြစ် ပြန်သုံးလို့ရပါတယ်။ **ပြည့်ပြည့်စုံစုံ **မဖြစ်ပေမယ့် မာလာရှမ်းကော အနှစ်အဖြစ် အလွယ်တကူ သုံးလို့ရပါတယ်။
အရသာကိုယ့်မြည်းပြီး စိတ်ကြိုက်ပြင်ဆင်ပြီးရင် အအေးခံကာ ဖန်ပုလင်းထဲ ထည့်ပါ။ စပ်ပြဲလန် spicy အနှစ်လေးရပါပြီရှင့်။ရေခဲသေတ္တာထဲမှာသာ ထည့်ပြီး အသုံးပြုပေးပါရှင့်။
ခေါက်ဆွဲနဲ့စားရင် ခေါက်ဆွဲပြုတ်ပြီး ပဲငံပြာရည် အချိုလေးနယ်ကာ spicy အနှစ်လေး ထည့်နယ်ပြီး မိမိကြိုက်နှစ်သက်တဲ့ အဆာပလာများ ဖြည့်စွက်ထည့်ကာ စားလို့ရပါပြီးရှင့်။
မနေ့ကတော့ spicy ထမင်းကြော်လေး ကြော်စား ဖြစ်တယ်။ လူ ၄ ယောက်စားတာ ဒယ်အိုးတအ်ုး ပြောင်ပါလေရော။ ထမင်းကြော်ရင် ထမင်းကို ပဲငံပြာရည်အချိုနဲ့နယ်ပြီး ကိုယ်ကြိုက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အဆာပလာတွေ ထည့်ကြော်နော်။
နားမလည်ရင် မန့်ကမေးနော်။
ကျမ ပြန်ပြောပေးမယ်။
အလွယ်တကူ အဆင်ပြေပြေနဲ့ အခက်အခဲ မရှိ လုပ်နိုင်ပါစေနော် ❤️❤️❤️
ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ